ဒီတစ်ခေါက်တော့ နန္ဒာက မျက်နှာကို ဘာကြောင့် ပုံမှန်ပေါင်းတင်သင့်တာလဲဆိုတဲ့ အကြောင်းကို အချက်လေးတွေနဲ့ ရှင်းပြပေးမယ်နော်။
တစ်ချို့ကတော့ ပေါင်းတင်တာကောင်းမှန်းသိပေမဲ့ ဘာတွေ ဘယ်လိုကောင်းမှန်းမသိကြဘူး၊ တစ်ချို့ကျတော့လည်း အကျိုးမရှိဘူးထင်လို့ပဲဖြစ်ဖြစ်၊ ပိုက်ဆံကုန်တယ်ထင်လို့ပဲဖြစ်ဖြစ် ပေါင်းတင်ဖို့ တစ်နည်းအားဖြင့် Facial Mask (မျက်နှာပေါင်းတင်ကပ်ခွာ) တွေ သုံးဖို့ စိတ်ကူးမရှိကြဘူးပေါ့နော်။ ဒီဆောင်းပါးလေးကိုဖတ်ပြီးရင်တော့ မျက်နှာအလှအပနဲ့ အရေပြားကျန်းမာရေးအတွက် အနည်းဆုံးတော့ တစ်ပတ်ကိုတစ်ကြိမ်ပေါင်းတင်ပေးသင့်ပါလားဆိုတဲ့ အတွေးမျိုးလေး ဝင်သွားစေချင်တာပါ။ စပြောပြမယ်နော် ..
(၁) အပန်းပြေစေတယ်။
၁၀မိနစ် ၁၅မိနစ်လောက် အချိန်ပေးပြီး mask (မျက်နှာပေါင်းတင်ကပ်ခွာ) ကပ်ပေးတာက အိမ်မှာတင် spa သွားပြီး အနားယူနေရသလိုမျိုး အပန်းပြေစေပါတယ်။ အရင်ဆုံး mask ကို နေရာကျအောင်ကပ်ပြီးတာနဲ့ သက်တောင့်သက်သာဖြစ်အောင် လှဲလိုက်ပြီး မျက်လုံးတွေမှိတ်ရင်း အနားယူပါ။ Mask တော်တော်များများကတော့ ကပ်ပြီးရင် ရေပြန်ဆေးချစရာ မလိုတတ်ပါဘူး ။ ဒီတော့ ညဘက်အိပ်ရာဝင်ရင်း ကပ်ပေးရင် ပိုအဆင်ပြေပါတယ်။ စိတ်ဖိစီးမှုတွေများလာတဲ့အခါ အရေးအကြောင်းတွေဖြစ်ဖို့ ပိုလွယ်လာပြီး အိပ်မပျော်တာ၊ အိပ်ရေးပျက်တာတွေနဲ့ ပူပြင်းတဲ့ နေရောင်ခြည်ဒဏ်ကြောင့် လည်း အသားအရေက ညစ်နွမ်းလာတတ်ပါတယ်။ ဒါကြောင့် တစ်ပတ်တာလုံးလုံး ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာအသားအရေကို အနားပေးပြီး အားဖြည့်ပေးဖို့အတွက် ပိတ်ရက်တွေမှာ ညဘက်အိပ်ရာဝင်ရင်း Mask ကပ်ပေးတာမျိုးကတော့ လုပ်ကိုလုပ်သင့်ပါတယ် ယောင်းတို့ရေ။
(၂) ကိုယ့်မျက်နှာအသားအရေအတွက် လိုအပ်နေတဲ့ အာဟာရဓာတ်ကို ဖြည့်ပေးနိုင်ပါတယ်။
အဓိကကတော့ ကိုယ့်မျက်နှာအသားအရေက ဘယ်လိုရှိလဲဆိုတာကို သိရပါမယ်။ ယေဘုယျအားဖြင့်တော့ ယောင်းတို့ သိကြတဲ့အတိုင်း ပုံမှန်၊ အဆီပြန်၊ ခြောက်သွေ့ နဲ့ ပေါင်းစပ်အသားအရေဆိုပြီး ခွဲခြားနိုင်ပါတယ်။ ကိုယ့် အသားအရေအမျိုးအစားကို သေသေချာချာသိပြီဆိုရင်တော့ Mask ရွေးချယ်ဝယ်ယူတဲ့နေရာမှာ အခက်အခဲရှိတော့မယ် မထင်ပါဘူး။ ဈေးကွက်ထဲမှာရှိတဲ့ Mask တော်တော်များများမှာလည်း ဘယ် skin type အတွက် ထုတ်ထားတယ်ဆိုတာမျိုး ဖော်ပြထားတတ်တာမို့ ဘယ်တံဆိပ်၊ ဘယ်အမျိုးအစားက ကိုယ့် အသားအရေနဲ့ ကိုက်ညီပြီး အကောင်းဆုံးဖြစ်မယ်ဆိုတာကို လေ့လာပြီး ဝယ်ယူသုံးစွဲနိုင်ပါတယ်။
(၃) တစ်ခါသုံးရုံနဲ့ စိုပြေကြည်လင်တဲ့ အသားအရေမျိုးကို ရရှိစေနိုင်တယ်။
ဝက်ခြံသမားတွေတော့ မသိပေမဲ့ တော်ရုံအသားအရေမျိုးအတွက်ကတော့ Mask တစ်ချပ်သုံးရုံနဲ့ နောက်တစ်နေ့ မနက်ခင်းမှာ သိသာထင်ရှားတဲ့ရလဒ်မျိုးကို ရရှိနိုင်တာမို့ ပွဲလမ်းသဘင်ရှိတဲ့အခါမျိုး၊ သွားစရာလာစရာရှိတဲ့အခါမျိုးမှာ တစ်ချို့လည်း တစ်ပွဲတိုးအနေနဲ့ Mask တွေကို သုံးလေ့ရှိကြပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှ အသားအရေကို ဂရုစိုက်ပေးတာထက်စာရင် ပုံမှန်လေး ပြုစုစောင့်ရှောက်ပေးတာမျိုးက ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ရဲ့ အသားအရေ ကျန်းမာစိုပြေနေစေမှာ အမှန်ပါပဲနော်။
(၄) Mask မသုံးတဲ့သူတွေနဲ့စာရင် ပုံမှန်သုံးလေ့သုံးထရှိတဲ့သူတွေမှာ Baby Skin လို့ခေါ်တဲ့ နုနယ်တောက်ပတဲ့ အသားအရေမျိုးရှိနေတတ်ပါတယ် ။
သူ့ဘာသူ ဝက်ခြံထွက်တာမထွက်တာနဲ့ မဆိုင်ပါဘူး .. ဝက်ခြံထွက်တတ်တဲ့သူဆိုရင်တောင် သူ့အသားအရေလေးက အမြဲရေဓာတ်ပြည့်ဝပြီး စိုပြေတောက်ပနေတတ်တာမို့ မျက်နှာပေါ်က ဝက်ခြံဆိုတာတွေကိုတောင် သတိမပြုမိတော့လောက်အောင် အရေပြားက ကျန်းမာနေတတ်ပါတယ်နော်။
နောက်ဆုံးအနေနဲ့ နန္ဒာမှာချင်တာကတော့ အရေပြားအတွက် ကောင်းတယ်ဆိုတိုင်း Mask တွေကို နေ့တိုင်းသုံးဖို့မလိုဘူးဆိုတဲ့အကြောင်းပါ။ တစ်ချို့ကျတော့လည်း နေ့တိုင်း Mask ကပ်ပေးရင် အသားအရည်တွေ အရမ်းကောင်းလာတော့မယ် ထင်တတ်ကြတာကိုး။ ရေဓာတ်ကို အခြေခံထားတဲ့ Mask တွေ (ဥပမာ – ရှားစောင်းလက်ပတ်တို့ သလဲသီးတို့) ကိုတော့ နေ့တိုင်းသုံးလို့ပြဿနာမရှိတတ်ပေမဲ့ တစ်ချို့ဆဲလ်သေကိုဖယ်ရှားပေးတဲ့ Mask တွေနဲ့ ဝက်ခြံသမားတွေအတွက် ထုတ်ထားတဲ့ Mask တွေမှာတော့ အပေါ်ယံအရေပြားကို တဖြည်းဖြည်းပါးလာစေတဲ့ ပစ္စည်းမျိုးတွေပါတတ်တာမို့ တစ်ပတ်တစ်ခါ ဒါမှမဟုတ် တစ်ပတ်နှစ်ခါလောက်ပဲ သုံးပေးရင် လုံလောက်ပါတယ်။
အကယ်၍ Mask တွေဝယ်မကပ်ချင်ဘူးဆိုရင် လည်း အိမ်မှာပဲ ကိုယ်တိုင် သခွားသီး၊ ရှားစောင်းလက်ပတ် တွေနဲ့ ပေါင်းတင်ပေးတာမျိုး လုပ်နိုင်ပါတယ်နော်။ အသားဖြူချင်တဲ့သူတွေဆိုရင်တော့ ခရမ်းချဉ်သီးနဲ့ ဒိန်ချဉ်အရောအနှောလို့ သုံးလို့ရပါတယ်။ ဝက်ခြံသမားတွေအတွက်ကတော့ Apple Cider Vinegar (ပန်းသီးရှာလကာရည်) လို ရှာလကာရည်အပျော့စားမျိုး သုံးလို့ရပြီးတော့ အမည်းစက်အတွက်ဆိုရင်တော့ အာလူးကိုပါးပါးလှီးပြီး ကပ်ပေးတာမျိုး စတဲ့ အိမ်တွင်းနည်းလေးတွေ သုံးကြည့်လို့ ရပါတယ်။
နောက်အပတ်ကျရင်တော့ မျက်နှာပေါင်းမတင်ခင်နဲ့ ပေါင်းတင်ပြီးနောက် သတိထားရမဲ့ အချက်လေးတွေကို ဖော်ပြပေးသွားဦးမှာမို့ ယောင်းလေးတွေ စောင့်ကြည့်ကြဦးနော်…
Credit: Nandar ( For Her Myanmar )
Post a Comment