မျက်တောင်အတုတို့ မျက်ရစ်တိပ်တို့ဆိုတာ ကိုယ်တွေလို မျက်ရစ်မရှိ မျက်ခွံပိနေတဲ့ မျက်ပေတုံးလေးတွေအတွက် မရှိမဖြစ်နဲ့ အသက်တွေလေ။ တစ်နေ့တစ်နေ့ ကပ်ရခွာရနဲ့ အလုပ်သိပ်ရှုပ်ပေမဲ့ ဒါတွေမတပ်တော့လည်း တစ်မျိုးတစ်မည်ဖြစ်နေပြန်ရော။ အဲ့တော့ ကပ်ဖို့အတွက်ကော်က မရှိမဖြစ်လိုအပ်နေပြီလေ။ အဲ့တော့ အဲ့ကော်တွေအကြောင်းကိုရှာဖွေလေ့လာပြီး ကိုယ်ချစ်တဲ့ယောင်းတွေကိုပြောပြချင်လို့ ဒီဆောင်းပါးလေးကို ဖန်တီးဖြစ်တယ်တို့ ဘာတို့ပေါ့နော်။

ကော်ဆိုမှတော့ ကပ်အောင်သုံးတာပေါ့လေ။ (အရမ်းရှင်းသွားလား 😂)။ မျက်တောင်အတု (သို့) မျက်ရစ်တိပ်ပေါ် ကိုယ်လိုအပ်တဲ့အနေအထား (နည်းနိုင်သမျှနည်း) လောက် ကော်ကိုထည့်ပြီး ကပ်ချင်တဲ့နေရာပေါ်ကပ်လိုက်တာဖြစ်ပါတယ်။ အဲ့ဒီကော်သုံးရတဲ့ မျက်လုံးက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်နေတော့ နေ့တိုင်းသုံးရင်ရော အန္တရာယ်ကင်းရဲ့လား? ဆက်ဖတ်ကြည့်ရအောင်နော်…
အမှန်တော့ မျက်ရစ်ကပ်တဲ့ကော်ဆိုတာ အလှကုန်ပစ္စည်းထဲမှာ အန္တရာယ်အရှိဆုံးပစ္စည်းလို့ မိတ်ကပ်ပစ္စည်းထုတ်တဲ့ပညာရှင်တွေက ပြောထားပါတယ်။ Formaldehyde လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေအများကြီးပါဝင်နေတာမို့ မျက်လုံးထဲမဝင်အောင် အရမ်းဂရုစိုက်ရမဲ့ ပစ္စည်းတစ်ခုပါ။ ( မျက်လုံးယားယံခြင်း၊ စပ်ခြင်း၊ မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျပြီး နောက်ဆုံးအမြင် အာရုံဆုံးရှုံးတဲ့အထိ ဖြစ်စေတာမို့ သတိထားသုံးသင့်ပါတယ် )
နောက်ပြီး အဲ့ဒီကော်တွေများများသုံးတဲ့အခါ မျက်တောင်တွေ အရမ်းကျွတ်တာ၊ ခြောက်တာ၊ ဆွဲဆွဲဖြုတ်ရတဲ့ဒဏ်ကြောင့် မျက်ခွံတွေတွဲကျတာ စသည်ဖြင့် မျက်လုံးကိုလဲထိခိုက်စေနိုင်တာမို့ ဖြုတ်တဲ့အခါမှာလည်း ဇာဂနာလေးနဲ့ညင်ညင်သာသာ ဆွဲဖြုတ်ပေးသင့်ပါတယ်။ (ကော်ကိုဖယ်ထုတ်ပေးတဲ့ပစ္စည်းတစ်မျိုးသုံးပေးပြီး ဖြုတ်မယ်ဆိုရင်လည်း ဖြုတ်ပြီးတဲ့အခါမှာ မျက်လုံးခရင်မ် (eye cream) ပြန်သုံးပေးဖို့လိုအပ်ပါတယ်)
ဒီတော့ အန္တရာယ်ကလည်းများ နေ့တိုင်းမသုံးလို့ကလည်းမဖြစ်ပြန် ဘယ်လိုလုပ်ကြမလဲ??? နှင်းသုံးတဲ့နည်းလမ်းတွေပြောပြပေးမှာပေါ့။ အရမ်းပျစ်တဲ့ကော်အစား အရည်ကြည် ခပ်ကြဲကြဲကော်ကို ရှာဝယ်ပြီးသုံးပါတယ်။ နောက်ပိုင်းတော့ တော်ရုံဆို မျက်တောင်မကပ်ဘဲ မျက်လုံးအောက် လိုင်နာထည့်ပြီး ဂျင်းထည့်တာမျိုးပေါ့ 😛 ။ နောက်ပြီး မျက်ရစ်တိပ်ကိုလည်း ကော်ကပ်စရာမလိုတဲ့ ပလတ်စတစ် မျက်ရစ်တိပ် (သိပ်မသိသာ) တာလေးကိုရှာပြီးဝယ်သုံးပါတယ်။ (အရေးကြီးပွဲလမ်းရှိမှ ဇာမျက်ရစ်တိပ်ကိုသုံးတယ်လေ)။ သုံးရတဲ့အကြိမ်ရေနည်းတော့ အန္တရာယ်ဖြစ်တာလည်းလျော့သွားတာပေါ့။
လှတာလည်းလှတာပေါ့ယောင်းတို့ရယ်။ ဒါပေမဲ့ တစ်ခဏလှဖို့အတွက်ကိုယ့်အမြင်အာရုံကြီးနဲ့ လဲပစ်လိုက်ရတာတော့မတန်ဘူးလေ။ ဒါကြောင့်တတ်နိုင်သလောက် တခြား မိတ်ကပ် trick လေးတွေ (နည်းလမ်းလေးတွေ) ရှာပြီး သုံးစေချင်တယ်။ အလှအပက ကိုယ့်အမြင်အာရုံ၊ ကိုယ့်မျက်လုံးလောက် အရေးမကြီးဘူးမလား။ နှင်းရဲ့ နေ့စဉ်မိတ်ကပ် tips တွေကိုလဲ အခါအခွင့်သင့်သလို ယောင်းတို့ဆီပေးဦးမှာပါ။ ဒါကြောင့် ဂရုတစိုက်နဲ့ အန္တရာယ်လည်းကင်းအောင် လှလှပြင်ကြပါလို့။
Credit: Hnin Ei Oo (For Her Myanmar)
Post a Comment