BREAKING NEWS

Monday, 19 March 2018

မရဏခေါ်သံ (ပြန်လည် ဖောက်သည်ချခြင်းဖြစ်ပါသည်)



ကျွန်ုပ်သည် ၁၉၃၅ ခုနှစ်က အာဖရိကနိုင်ငံတစ်ခု ဖြစ်သော အဘေးဆီးနီးယား နယ်စပ်တွင် သွားရောက်နေထိုင်ခဲ့စဉ် အံ့ဩဖွယ်ရာ ထူးဆန်းသော အဖြစ်အပျက်တစ်ခုကို မျက်ဝါးထင်ထင် သိမြင်ခဲ့ရဖူး၏။

ကျွန်ုပ် နေထိုင်ရာ မိတ်ဆွေတစ်ဦး၏ ဘန်ဂလိုသို့ ဘက်ဒိုးစ် ဆိုသူသည် မကြာမကြာ အလည်လာလေ့ ရှိပါသည်။ ၎င်းသည် ဆင်စွယ် ကုန်ကူးသူဟု အမည်ခံထားလင့်ကစား တစ်ခြား မသမာမှုများလည်း ကျူးလွန်ရန် ဝန်မလေးသည့် ပုံပေါ်၏။ ဘက်ဒိုးစ် ဟူသော အမည်ပင် အမည်ရင်း ဖြစ်ဟန်မတူ။ အမည်လိမ်တစ်ခုဟု ကျွန်ုပ် ယူဆမိ၏။

သို့ရာတွင် ဘက်ဒိုးစ်သည် စကားပြော ကောင်းသလောက် ဖော်ဖော်ရွေရွေ ရှိ၏။ ပေါင်းသင်းဆက်ဆံရေး ကျွမ်းသည်ဟု ဆိုရပါမည်။ တစ်ချိန်လုံး အရက်မူးနေသည့်တိုင်အောင် စိတ်ဝင်စားဖွယ် ဇာတ်လမ်းပုံပြင်များကို ပြောနိုင်သူလည်း ဖြစ်၏။ သို့ဖြင့် ကျွန်ုပ်မိတ်ဆွေက သူ့ဘန်ဂလို၌ တံခါးမရှိ ဓါးမရှိ ဝင်ထွက်ခွင့် ပေးထားခြင်းခံရ၏။

တစ်နေ့တွင် ကျွန်ုပ်နှင့် မိတ်ဆွေသည် လူသားစား ခြင်္သေ့တစ်ကောင်အား နှိမ်နင်းရန် ဘက်ဒိုးစ် နေထိုင်ရာ ရွာထဲမှ ရွှံမံထားသော အိမ်ကလေးသို့ ဝင်ရောက်ခဲ့ကြ၏။ ထိုရွာကလေးအား တစ်ရွာလုံးက ရိုသေကြောက်ရွံ့ရသော ဆေးဆရာကြီးတစ်ယောက်က ကြီးစိုးနေသည်ဟုလည်း သိရ၏။

ကျွန်ုပ်တို့သည် ဘက်ဒိုးစ်တပည့်၏ လမ်းပြကူညီမှုကြောင့် ခြင်္သေ့ဆိုးကြီးကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ကြသည်။ ခြင်္သေ့ရေကိုလည်း ကျွန်ုပ်၏ စာကြည့်ခန်းတွင် ယခုတိုင် ဂုဏ်ယူဝင့်ကြွားလျက် ခင်းထားခဲ့ပါသည်။

ကျွန်ုပ်တို့ ခြင်္သေ့ပစ်ပြီး ဘက်ဒိုးစ်၏ တဲလေးသို့ ပြန်ရောက်သောအခါ ၎င်းက သူမကြာခင် သေတော့မည်ဖြစ်ကြောင်း အံ့ဩစရာသတင်းကို တိုးတိုးတိတ်တိတ် ဖွင့်ဟ အသိပေးခဲ့၏။ ကျွန်ုပ် အဖို့တော့ အားကောင်းမောင်းသန် ကျန်းမာနေဆဲ သူ့ကိုတွေ့ပြီး ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်ခဲ့ရ၏။

► ဘာပြောတယ်ဗျ၊ ခင်ဗျား သေတော့မယ်၊ ဟုတ်လား၊ အဓိပ္ပါယ်မရှိတာဗျာ...

ကျွန်ုပ်က မယုံသင်္ကာမှု အပြည့်ဖြင့် မြည်တမ်းလိုက်မိသည့်နောက် ဘက်ဒိုးစ်က-
► ကျုပ်ပြောတာ အမှန်ပဲ။ ကျုပ်ဟာ အပြုစားခံနေရပြီဗျ...

► တော်စမ်းပါဗျာ၊ လူဖြူတစ်ယောက် ဖြစ်နေပြီး မဟုတ်တရုတ် အစုတ်အပြတ်တွေ ယုံမနေစမ်းပါနဲ့...
ကျွန်ုပ်က ပြန်အော်လိုက်မိ၏။

ဘက်ဒိုးစ်ကလည်း တစ်ယူသန် အစွဲဖြင့် ခံပက်၏။
► အေး.. ခင်ဗျားလည်း ကျုပ်လိုပဲ ဒီရွာမှာ အနေကြာရင် သဘောပေါက်လာမှာပါ။ သူတို့ ပညာတွေက မယုံလို့မရဘူးဗျ။ ခုလည်း အယုတ်တမာ အောက်လမ်းဆရာကြီးက ကျုပ်ကို ကျိန်စာတိုက်၊ ပြုစားပြီး သေစာရင်း သွင်းလိုက်ပြီဗျ...

ကျွန်ုပ်က သူ၏ ယုံကြည်စွဲလမ်းမှုကြီးကို များစွာ စိတ်ပျက်သွားမိသည်။ သို့သော် ဘာမှတော့ မပြောလိုက်ပါ။

ဤတွင် ကျွန်ုပ်၏ မိတ်ဆွေက ဘက်ဒိုးစ်အား နားလည်စာနာမှုဖြင့် ကြည့်ကာ ပခုံးကို ပုတ်၍ အားပေးလိုက်သလို-
► ဒါဆိုလည်း တို့နဲ့ တစ်ပတ် နှစ်ပတ်လောက် လိုက်နေကွာ။ မေ့မေ့ပျောက်ပျောက် ထားလိုက်ရင် မကောင်းတာတွေ အလိုလို ပျောက်သွားမှာပဲပေါ့။ မင်းသိတဲ့အတိုင်း နေရာပြောင်းလိုက်ရင် ပြုစားထားတာတွေလည်း ပြယ်ကုန်တာပဲ မဟုတ်လား...
ကျွန်ုပ်၏ မိတ်ဆွေက အလိုက်အထိုက် ပြောလိုက်ခြင်းပင်။

ဘက်ဒိုးစ်လည်း ဖိတ်ခေါ်မှုကို အားတက်သရော လက်ခံလိုက်ပြီး ကျွန်ုပ်တို့နှင့်အတူ လိုက်လာ၏။
ရွာလေးကို စွန့်ခွာခဲ့သည်နှင့်အမျှ ဘက်ဒိုးစ်၏ စိုးရွံ့ထိတ်လန့်မှုများလည်း သက်သာရာ ရလာရုံမက သူ့နဂိုဗီဇအတိုင်း ပြုံးပြုံးရွှင်ရွှင် ရယ်လားမောလားပင် ဖြစ်လာ၏။

ဒါပေမယ့် သိပ်တော့ မကြာလိုက်။ လေးငါးရက် အကြာ တစ်ညမှာတော့ အပြင်ဘက် တစ်နေရာမှ ဆန်းကြယ်သော အူသံကြီးကြောင့် လန့်နိုးသွားရသည်။

ကျွန်ုပ်နှင့် တစ်ခန်းတည်း လာအိပ်သော ဘက်ဒိုးစ်လည်း ပြူးပြူးပျာပျာ ထလာပြီး သူ့အိပ်ရာပေါ်တွင် ငုတ်တုတ်ထိုင်လျက် တုန်လှုပ် ချောက်ချားနေလေ၏။

► ဟို မကောင်းဆိုးဝါး နတ်ဆရာကြီး ကျုပ်နောက်ကို လိုက်လာပြီဗျ...

► သားရဲတိရစ္ဆာန် တစ်ကောင်ကောင်ရဲ့ အသံဖြစ်မှာပါဗျာ။ ဘာပဲဖြစ်ဖြစ် ကျုပ်သွားကြည့်လိုက်ပါ့မယ်...

ကျွန်ုပ်လည်း ပြောပြောဆိုဆိုနှင့် ခုန်ထလိုက်ရာမှ ရိုင်ဖယ်သေနတ်ကို ဆွဲလျက် အိမ်အပြင်သို့ ခြေသံမကြားအောင် ထွက်ခဲ့၏။

ဆူးချုံများ၊ ကျောက်တုံးများ၊ သဲများဖြင့် ဝန်းရံနေသော အိမ်ရှေ့မျက်နှာစာမှာ ငွေလမင်းကြီး သာလျက် ငွေရောင်လျှမ်းနေ၏။ လူဆို၍ ဘယ်သူမှ မတွေ့ရ။

သို့သော် ခြံဝင်းအပြင် ကိုက် ၁၀၀ လောက်အကွာရှိ ထီးထီးကြီး ပေါက်နေသော သစ်ခြောက်ပင်တစ်ပင် နောက်မှာတော့ ရိပ်ခနဲ ရိပ်ခနဲ လှုပ်ရှားမှုတစ်ခုကို လှမ်းတွေ့လိုက်သည်။

ဘာရယ်လို့ မခွဲခြားနိုင်လင့်ကစား။ ကျွန်ုပ်က သေနတ်ကို မိုးပေါ်ထောင်ကာ ဖောက်လိုက်၏။ သေနတ်သံနှင့် အတူ သစ်ပင်ကွယ်မှ မည်းမည်းသဏ္ဌာန်လည်း ယိမ်းထိုးခုန်ပေါက်နေရာမှ ရပ်သွား၏။ ဒါပေမယ့် အော့နှလုံးနာစရာ အူသံ ညည်းသံကြီးကတော့ ဆက်လက် ပေါ်ထွက်နေဆဲ။

သည်တစ်ကြိမ်တော့ ကျွန်ုပ်က သစ်ပင်ဆီသို့ တည့်တည့်ပစ်လိုက်၏။
ထိုအခါ လူမှန်းသိသာသော အသွင်သဏ္ဌာန်က သူပုန်းကွယ်ရာမှ ခပ်လှမ်းလှမ်းရှိ ချုံတောများရှိရာသို့ ဖျပ်ခနဲလှစ်ခနဲ ထွက်ပြေးသွားတာ လှမ်းမြင်လိုက်၏။

ကျွန်ုပ်လည်း အချိန်ဖြုန်းမနေဘဲ ကြိမ်းမောင်းအော်ဟစ်ပြီး ရုတ်တရက် ကျွန်ုပ်၏ ခြေတစ်ဖက်မှာ မျက်ခနဲ ဖြစ်သွားရာမှာ ရှေ့ဆက်မပြေးနိုင်တော့ချေ။ တစ်သက်နှင့် တစ်ကိုယ် တစ်ခါမျှ မခံစားရဖူးသော ဝေဒနာတစ်ရပ်ကို မမျှော်လင့်ဘဲ ခံစားလိုက်ရခြင်းပဲ ဖြစ်ပါ၏။
နောက်ဆုံးတော့ ဒေါသတကြီး ဆဲဆိုရင်း ဘန်ဂလိုထဲသို့ ပြန်ဝင်ခဲ့ရပါတော့သည်။

ဘက်ဒိုးစ်အား ကြိုးခုတင်ပေါ်တွင် လဲလျောင်းလျက် တွေ့လိုက်ရပါသည်။ သူ့တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်ကြီးတွေ ကျနေပါသည်။ အသားတွေလည်း ဆတ်ဆတ်တုန်လို့။ ငမ်းဖမ်းနေသူနှင့်မခြား မေးရိုက်သံကြီးဖြင့်-
► ဟို.. အဲဒါ.. မကောင်းဆိုးဝါး မိစ္ဆာကောင် ဆရာကြီး အင်ကိုဘာ ပဲ မဟုတ်လား...

► ဒါတော့ ကျုပ် ဘယ်သိပါ့မလဲ၊ ကျုပ်မြင်လိုက်တာကတော့ မည်းမည်းကြုတ်ကြုတ် လူရိုင်းကြီးတစ်ကောင် သစ်ပင်အောက်မှာ ခုန်ပေါက် ကနေတာပဲ။ ကျုပ်က သေနတ်နဲ့ ချိန်ပစ်လိုက်တာ တန်းခနဲ လစ်ပြေးရော...

သည့်နောက် အဖျားဝင်သလို ဖြစ်နေသော ဘက်ဒိုးစ်အား ချော့မော့ နှစ်သိမ့်ပေးခဲ့ရာမှ သူလည်း ပြန်အိပ်ပျော်သွားသည်။

နောက်တစ်နေ့ မိုးလင်း၍ ကျွန်ုပ် အိပ်ရာမှ ထထချင်း သတိပြုမိလိုက်သည့် အရာကား ညက သန်းခေါင်ယံဧည့်သည် လာခိုသွားသည့် သစ်ခြောက်ပင်၏ ကိုင်းတစ်ဖက်တွင် လင်းတတစ်ကောင် လာနားနေခြင်းပင် ဖြစ်ပါ၏။ လင်းတဆိုလျှင် အသေအလဲ မုန်းရကား ကျွန်ုပ်လည်း ကပျာကယာ သေနတ်ဆွဲ၍ ပစ်ချလိုက်ပါ၏။

မနက် လက်ဖက်ရည်ဝိုင်း၌ ကျွန်ုပ်၏ အိမ်ရှင်မိတ်ဆွေအား ညက သည်းထိပ်ဖိုဖြစ်ရပ်ကို ပြန်ပြောလိုက်သည်။
မိတ်ဆွေလည်း အံ့ဩတကြီး ဖြစ်သွားရာမှ-
► သူခိုးတစ်ကောင်ကောင် လာကပ်တာ ထင်ပါရဲ့ဗျာ။ အဲ.. ဒါပေမယ့် အူသံကြီးဆိုတာတော့ ကျုပ်လည်း ဘာသာ မပြန်တတ်ဘူး။ ကျုပ်ကိုယ်တိုင်က အအိပ်ကြီးတဲ့လူဆိုတော့ သဲ့သဲ့လေးတောင် မကြားမိတာ အမှန်ပဲ...

နောက်တစ်နေ့ မနက်ကျတော့လည်း သစ်ပင်ပေါ်တွင် နောက်ထပ် လင်းတတစ်ကောင် လာနားနေပြန်သည်။ ထိုလင်းတနာကလည်း မနေ့က သူ့အဖော်၏ သွားရာလမ်းအတိုင်း ကျည်ဆန်စာ ဖြစ်သွားရပြန်၏။

မိတ်ဆွေအိမ်ရှင်က ကောက်ချက်ချ၏။
► တော်တော်တော့ ထူးဆန်းနေပြီဗျ။ အရင့်အရင်က ကျုပ်နေရာကို ဘယ်လင်းတမှ မလာဘူး။ ပြီးတော့ လင်းတဆိုတာက အသေကောင်ရှိမှ ရောက်လာတတ်တာဗျ။ ဒီနားတစ်ဝိုက်မှာလည်း ဘာအသေအပုပ်မှ မရှိတော့ စဉ်းစားရ ကျပ်သားပဲ...

ထိုအချိန်၌ ဘက်ဒိုးစ်တစ်ယောက်ကတော့ အပြင်းဖျားနေသည့် ပုံဖြင့် အကြောက်လွန် ဇောချွေးပြန်နေလေပြီ။ ဖြစ်စဉ်များနှင့် ပတ်သက်သော သူ့အယူအဆကို ထုတ်ပြော၏။
► သူတို့ ကျုပ်နောက်ကို လိုက်လာကြတာဗျ။ မိစ္ဆာကောင်ကြီးက ကျုပ် ထွက်မပြေးသာအောင် ဒီကောင်တွေကို လွှတ်ပြီး စောင့်ခိုင်းတာပဲ...
ဘက်ဒိုးစ်၏ အသံမှာ စိတ်ပျက်လက်ပျက်နှင့် မျှော်လင့်ချက် ကင်းမဲ့နေပါ၏။

► အလကား အဓိပ္ပါယ် မရှိတာတွေ၊ မင်းစိတ်မင်း ထိန်းစမ်းပါ ငါ့လူရာ။ မင်းက ရူးကြောင်ကြောင်ကောင်တွေ လုပ်တိုင်း လိုက်ယောင်ပြီး ကိုယ့်ဒုက္ခကိုယ် ရှာနေတာကိုးကွ...
အိမ်ရှင်တွေက ပိတ်ပြောလိုက်မှ ဘက်ဒိုးစ်လည်း ငြိမ်ကျသွား၏။

သည့်မှနောက် ညစဉ်လိုပင် အူသံလိုလို ညည်းသံကြီးတွေ ကြားလာရပြန်၏။ သို့သော် အပြင်ထွက်ကြည့်တော့ ဘယ်သူမှမရှိ။ ကျွန်ုပ်ကလည်း ထိုအချိန်များတွင် မည်းမည်းမြင်ရာ ရမ်းသမ်းပစ်ခတ်ခဲ့၏။ ဒါပေမယ့်လည်း မည်သူမှ ထိခိုက်ဒဏ်ရာ ရခဲ့ပုံမရ။

အသံဆိုးကြီးက ဘက်ဒိုးစ်အား ညစဉ် နှိပ်စက်ခဲ့သလို ဘက်ဒိုးစ်၏ အခြေအနေမှာ ဆိုးသထက် ဆိုးလာ၏။
ကျွန်ုပ်တို့ မျက်စိအောက်မှာပင် တစ်နေ့တခြား ပိန်ခြောက်လိုက်လာရုံမက အသိဥာဏ်တွေလည်း ချွတ်ယွင်းစပြုလာသလို စကားတွေလည်း မူမမှန်တော့ပါ။

တစ်ခါတွင် ကျွန်ုပ်က လူရိပ်တွေ့၍ သေနတ်ဖြင့် လိုက်ပစ်လိုက်ရာမှ သီသီလေးလွဲသွားကြောင်း ပြောပြလိုက်မိသည်။ သည်တော့ သူပြန်ပြောပုံက-
► ဒါဖြင့် နောက်တစ်ခါ မလွဲအောင် ရွှေကျည်ဆန် ထည့်ပစ်ဗျာ... တဲ့။

ကျွန်ုပ်သည် ဆေးကု၍ မရအောင် အယူသည်းနေသူ တစ်ယောက်၏ စကားအတိုင်း လိုက်လုပ်မိအောင် ညံ့သည့်တုံးသည့် လူတစ်ယောက် မဟုတ်ပါ။ သို့ရာတွင် သနားစရာကောင်းလှသော ဘက်ဒိုးစ်ခမျာ ကြောက်မက်ဖွယ်ရာ သဘာဝလွန် အန္တရာယ်ဆိုးကြီးတစ်ခုနှင့် နဖူးတွေ့ ဒူးတွေ့ တွေ့နေရမှန်းတော့ သိသိသာသာ ရိပ်မိခဲ့ပါ၏။

ကျွန်ုပ် ကိုယ်တိုင်လည်း ထူးဆန်းသော အသံရှင်ကို အမိဖမ်းဖို့ လိုက်တိုင်း အောင်မြင်မှုမရခဲ့သည့် အဖြစ်များကို သုံးသပ်ဆန်းစစ်ပြီး အံ့မခန်းနိုင်သလောက် ဦးနှောက်ခြောက်ခဲ့ရပါ၏။

သို့ဖြင့် ကျွန်ုပ်က-
► ဘက်ဒိုးစ် ပြောနေတဲ့ မိစ္ဆာကောင် အဘိုးကြီးကို ဖမ်းလိုက်ရင် ကောင်းမယ်ထင်တယ်ဗျ...
ဟု အိမ်ရှင် မိတ်ဆွေအား တိုင်ပင်လိုက်မိ၏။

အိမ်ရှင် မိတ်ဆွေက ဟက်ဟက်ပက်ပက် ရယ်ပြီး-
► ခင်ဗျားက ဒီအဘိုးကြီးကို သွားဖမ်းရအောင် ဘာအထောက်အထား ရှိလို့လဲ။ ဘက်ဒိုးစ် စကားအရ ပြုစားတာတို့၊ ကျိန်စာတိုက်တယ် ဆိုတာတို့ကိုရော ဘယ်တရားရုံးက လက်ခံမလဲ။ လုပ်မနေပါနဲ့ဗျာ၊ မောရုံပဲ ရှိမယ်...

အတွေ့အကြုံအရ ကျိုးကြောင်းဆီလျော်စွာ ထောက်ပြလိုက်သည်မို့ ကျွန်ုပ်လည်း လက်လျှော့လိုက်ရပါ၏။ သည်အတွင်း အိမ်ရှင် မိတ်ဆွေကိုယ်တိုင် ဒေသခံ ရဲတပ်ကြပ်တစ်ဦးကို ထိုအဘိုးကြီးထံ စေလွှတ်၍ သူပြုစားမှုကို ရပ်တန့်ရန် သတိပေးဖူး၏။ တစ်ပတ်လုံးလုံး နှောင့်ယှက်သံ တိတ်သွား၏။ သို့နှင့်အမျှ ဘက်ဒိုးစ်လည်း ကျန်းမာရေး ပြန်ကောင်းလာ၏။

► နေစမ်းပါဦး၊ ဒီ မိစ္ဆာဆိုတဲ့ ဆရာကြီးက ဘာကြောင့်များ ဒီလောက် အငြိုးတကြီးနဲ့ ခင်ဗျားကို နှိပ်စက်နေရတာလဲ။ ကျုပ် သိပါရစေလား...
တစ်နေ့၌ ကျွန်ုပ်က ဖွင့်မေးမိသည်။

ဘက်ဒိုးစ်က ပြန်မပြောဘဲ စကားလွှဲပစ်၏။ ထိုခဏ၌ မျက်စိပျက် မျက်နှာပျက်နှင့် အကြီးအကျယ် ကြောက်လန့်နေတာကိုတော့ ကျွန်ုပ် အကဲခတ်မိ၏။ သို့ဖြင့် ရဲတပ်ကြပ် ဖြစ်သူထံ ချဉ်းကပ်၍ စုံစမ်းမိပြန်သည်။ ထိုအခါမှ ရဲကြပ်က သူသိသမျှ ဖောက်သည်ချခဲ့၏။

ရွာသားများ၏ တီးတိုးပြောကြားချက်အရ ဘက်ဒိုးစ်သည် ရွာသူကြီးထံမှ ရွှေများကို အကျပ်ကိုင်၍ မတရားယူခဲ့ပြီး ပြန်ပေးရန် ငြင်းဆန်ခဲ့သည်။ ထို့အတွက် ရွာသူကြီးက ထိုမိစ္ဆာကောင် ဆရာကြီးကို ငွေပေးပြီး ဘက်ဒိုးစ်အား သတ်ခိုင်းခြင်း ဖြစ်သည်ဆို၏။

ကျွန်ုပ်က ဘက်ဒိုးစ်အား စကားတောက်ကြည့်သည့်အခါမတော့ သူက မဟုတ်ရကြောင်း ငြင်းဆန်၏။ နောက်ပိုင်းကျမှ အရောင်းအဝယ်လုပ်ရာ၌ မကြေလည်မှု ရှိခဲ့ကြောင်း၊ တစ်ဖက်သက် ကျခဲ့၍ မကြေလည်မှု ရှိခဲ့ကြောင်းဖြင့် တစ်စိတ်တစ်ပိုင်း ဝန်ခံ၏။

သည့်နောက်တွင် သေမင်းအူသံကြီးက ယခင်အတိုင်း ပြန်ပေါ်လာပြန်၏။ မနက်ကျတော့လည်း လင်းတတစ်ကောင်လာနားပြန်၏။ ပြီးတော့ သုံးလေးငါးည ကြာသွား၏။

တစ်ညမှာတော့ အနီးကပ် ကြားလိုက်ရသော သေနတ်သံ တစ်ချက်ကြောင့် အိမ်ရှင်နှင့် ကျွန်ုပ်တို့ နှစ်ယောက်စလုံး လန့်နိုးလာရ၏။ အပြေးအလွှား ကြည့်လိုက်တော့ ကံဆိုးသူ ဘက်ဒိုးစ် မကောင်းဆိုးဝါး၏ ညှည်းဆဲမှုဒဏ်ကို သည်းမခံနိုင်တော့ပုံဖြင့် လူ့လောကမှ ထွက်ပြေးသွားကြောင်း တွေ့လိုက်ရပါတော့၏။

ဘက်ဒိုးစ် မရှိတော့သည့်နောက် အူညည်းသံကြီးလည်း ပျောက်သွား၏။ လင်းတတွေလည်း ပေါ်မလာတော့။ အိမ်ရှင်နှင့် ကျွန်ုပ်တို့ ထိုဆရာကြီးအား ခေါ်စစ်ဆေးသေး၏။ ကြောက်စရာကောင်းသော မျက်နှာ၊ ညစ်ပတ်ပေကျံနေသော ကိုယ်လုံး၊ ဂဏှာမငြိမ်ဘဲ ရွေ့လျားကစားနေသော မျက်လုံးများဖြင့် ထိုအောက်လမ်းဆရာ အမည်ခံ အဘိုးကြီးက ဆင်စွယ်ကုန်သည်၏ သေဆုံးမှုမှာ သူနှင့် ဘာမျှမဆိုင်ကြောင်း ကျိန်ဆိုပြခဲ့၏။

သို့ဖြင့် ကျွန်ုပ်၏ မိတ်ဆွေ အိမ်ရှင်လည်း မကျေမချမ်းနှင့်ပင် သူတန်ခိုးအာဏာ လွှမ်းမိုးထားရာ ရွာလေးသို့ ပြန်လွှတ်လိုက်ရ၏။ ရက်အတန်ကြာသောအခါ ဘက်ဒိုးစ်၏ မြေပုံပေါ်၌ ပုလင်းလေးတစ်လုံး လာတင်ထားသည်ကို ကျွန်ုပ်တို့ တွေ့ရ၏။ ပုလင်းထဲမှာကား လင်းနို့တောင်တစ်စုံ၊ ဆေးစိမ်ထားသော ကြွက်သေနှင့် ဘက်ဒိုးစ်နှင့် ခပ်ဆင်ဆင် ထုထားသော သစ်သားရုပ် အလောင်းငယ်တစ်ခုတို့ကို အံ့ဩဖွယ်ရာ တွေ့ရှိလိုက်ရပါလေသည်။

ဤသည်မှာ ကျွန်ုပ်၏ ကိုယ်တွေ့ ဖြစ်ရပ်မှန်များသာ ဖြစ်၍ တစ်စုံတစ်ရာ စိတ်ကူးဖြင့် ဖြည့်စွက်ပြင်ဆင်မှုများ မရှိဘဲ အရင်းအတိုင်း ဖောက်သည်ချခြင်းသာ ဖြစ်ပါကြောင်း ။။ ။။

end

ဘာသာပြန်သူ ♦♦♦ ညီညီနိုင်
The Death-Spell by Captain Frank H. Shaw

Share this:

Post a Comment

 
Copyright © 2014 ရွှေမြန်မာ. Designed by OddThemes